Gallary

Saturday, August 16, 2008

အနုပညာပြောင်းလဲဖြစ်ပေါ်မှု အဆင့်သုံးဆင့်


လူ့ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ရေးအစဉ်မှာအပြောင်းအလဲများကြုံရတတ်ပါသည်။အချို့ဆရာများကလည်းအကွေ့အလှည့်ဟုသုံးနှုန်းတတ်ကြပါသည်။အပြောင်းအလဲအကွေ့အလှည့်တိုင်းမှာအဆင့်သုံးဆင့်ရှိသည်ဟုကျနော်မှတ်သားဖူးပါသည်။ထိုအကြောင်းကိုကျနော်တင်ပြပါမည်။ သဘောတူမတူမှာစာဖတ်သူ၏ အလိုအတိုင်းသာ ဖြစ်ပါသည်။
ကျနော်ကတော့ထိုအဆိုကိုသဘောတူပါသည်။အထူးသဖြင့်အနုပညာမှာဤတိုင်းပင်ဖြစ်ပျက်ပြောင်းလဲတိုးတက်သည်ဟု ကျနော် ယုံကြည်စွဲမှတ်ပါသည်။

အဆင့်သုံးဆင့်

ခေတ်အဆက်ဆက်ကနှစ်ရှည်လများလူသားတို့ဖန်တီးပြုစုတည်ဆောက်ခဲ့ကြသောယဉ်ကျေးမှုအနုပညာအရပ်ရပ်သည် ကြီးမားပြင်းထန်အရေးပါသောအပြောင်းအလဲအကွေ့အလှည့်တစ်ခုခုကိုကြုံတိုင်း ဆင့်သုံးဆင့် ကို ဖြတ်သန်းပြောင်းလဲ တိုးတက်သွားတတ်ပါသည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပိုင်းစ စိတ်မြွှာ ပြိုကွဲခြင်း ( FRAGMENTATION AND DISINTEGRATION )

၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း ( RE-STRUCTURING )

၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း ( SUPERINTEGRATION )




၁။ ပိုင်းစစိတ်မြွှာပြိုကွဲခြင်း


အနုပညာရပ်အသီးသီးမှာ အတွေးအခေါ်များ၊ အယူအဆ သီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများ၊ အခြင်းအရာလက္ခဏာများ ရှိပါသည်။ ယင်းတို့ကို ခေတ်အဆက်ဆက် နှစ်ရှည်လများ လူသားတို့က ပြုစုတည်ဆောက်ခဲ့ပါသည်။ ထိုအခြင်းအရာ လက္ခဏာရပ်များ အပိုင်းပိုင်း အစစ စိတ်မြွှာကွဲကျေ၍သွားခြင်း (၀ါ) ခွဲချေဖြိုဖျက်ပစ်လိုက်ခြင်းသည် ပထမအဆင့်ဖြစ်ပါသည်။ ဤအဆင့်သည် အရှုပ်ထွေးဆုံး၊ အဆူညံဆုံးအဆင့် ဖြစ်ပါသည်။
ဤအဆင့်ကို အပေါ်ယံရှပ်၍ကြည့်ပါက ပုန်စားပုန်ကန်မှု REBELLION တစ်ခုဟု အမှတ်မှားတတ်ကြပါ သည်။ စည်းပျက်ကမ်းပျက် ကလေကချေ အလေနတော သရုပ်ပျက် BOHEMIAN လက္ခဏာများဟုလည်း အမှတ်မှားတတ်ကြပါသည်။ အနုပညာရှင်လူကြီးတွေပြောသမျှ လူငယ်တွေကလက်မခံ။ လူကြီးတွေ၏ စံ က လူငယ်တွေနှင်မကိုက်။ အလွန်ရှုပ်ထွေးဆူညံ၍ အရောရောအနှောနှောဖြစ်သောကာလဟု ပြောရပါမည်။
အစဉ်အမြဲ အသစ်တို့ကိုရှေးရှုသော မည်သည့်အခါမှ ရှိပြီးသားနှင့် မကျေနပ်နိုင်သော အမြဲဖန်တီး၍ နေတတ်သော အနုပညာ ( ၀ါ ) အနုပညာသမားတို့၏ သဘာဝကိုမြင်အောင်မကြည့်။ ထို အသိမဆိုက်သူ အဖို့ ဤသို့သော ပထမအဆင့်ကို လက်ခံနိုင်မည်မဟုတ်ပါ။ ဤအဆင့်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာမဟုတ်။ မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ်သော သမိုင်းအမှန်တရားတစ်ခုအဖြစ် ကျနော်ယုံကြည်စွာတင်ပြခဲ့ပါသည်။



၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း

တစ်ပိုင်းတစ်စစီ အစိပ်စိပ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားသော အတွေးအခေါ်များ၊ အယူအဆသီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများကို ပြန်လည်စုစည်းတည်ဆောက်သော အဆင့်သည် ဒုတိယအဆင့်ဖြစ်ပါ သည်။ ဤကာလသည် အလွန်အမင်း ရှုပ်ထွေးဆူညံခြင်းမရှိတော့ပါ။ တစ်နည်းမှာ အနုပညာ အသိမဆိုက်သများ ၏ ဆူပူကန့်ကွက်သံ တိတ်သွားပါသည်။
လုံ့လ၀ီရိယကြီးသူများ၊ စိတ်ရင်းစေတနာမှန်သူများ၊ အနုပညာစိတ်ရှိသူများ အားထုတ်ကြိုးပမ်းသောကာလ ဖြစ်ပါသည်။ သတိပြုစေလိုသည်မှာပြန်လည်စုစည်း တည်ဆောက်ခြင်းသည် အပိုင်းအစ အကျိုးအပျက်အပဲ့အရွဲ့ များကို ဟိုတစ်စသည်တစ်စ ဆက်စပ်ယူခြင်းမဟုတ်ပါ။ ကိုယ့်အနုပညာနယ်ထဲက အခြင်းအရာများကိုပင် ပြန်လည်စုစည်းတည်ဆောက်ရမည်ကို ဆိုလိုပါသည်။ ကာရန်စနစ် ပြောင်းချင်ပြောင်းမည်။ ကာရန် လုံးဝမဲ့ချင်မဲ့ မည်။ သို့သော် ဘာသာစကားထဲက ပြန်လည်စုစည်း ရှာဖွေဖော်ထုတ်လိုက်သော “ အသစ်များ” ဖြစ်ပေါ်ရေးကို ရှေ့ရှုဦးတည်ရမည်ဟု ဆိုလိုပါသည်။


၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း

ဤအဆင့်သည် အသစ်များ ထွန်းကားအခြေကျရသော အဆင့်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ လုံ့လ၀ီရိကြီးသော၊ စိတ်ရင်းစေတနမှန်သော အနုပညာသမားများကြိုးစား စုစည်းခဲ့ကြသည်။ အခြင်းအရာ လက္ခဏာရပ်များသည် အနုပညာပစ္စည်းအသစ်အဖြစ် ဖြစ်ပေါ်တိုးတက် ပြီးစီးသွားပြီဟု ဆိုရပါမည်။ အဆင့်သုံးဆင့်ကို ကျနော်မှတ်သား ဖူးသော သီဝရီတရပ်မှယူ၍ တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ အနုပညာအရပ်ရပ် ပြောင်းလဲဖြစ်ပေါ်မှု ( ၀ါ ) အကွေ့အလှည့်သည် မည်သည့်နေရာတွင် ရောက် နေသည်လဲ။ ရောက်နေပြီလား ... လိုသေးသည်လား ။ မည်သည့်ခြေအနေတွေဖန်တီးဖို့ လိုအပ်သလဲ ဟူသော မေးခွန်းများကို ကျနော်တို့ ဖြေဆိုကြဖို့ပဲဖြစ်ပါသည်။ နိဂုံးစကားအဖြစ် ကျန်ာအထက်တစ်နေရာမှာတင်ပြ ခဲ့သည့် အတိုင်း ဤအဆင့်သုံးဆင့် သီဝရီကို လက်ခံခြင်း၊ ငြင်းပယ်ခြင်းမှာ စာဖတ်သူများ အလိုအတိုင်းသာဖြစ်ပါလိမ့် မည်။ ကျနော်ကတော့ ဤအဆိုကို ယုံကြည်စွဲမှတ်ပါသည်။


မှတ်ချက် ( အနုပညာစံ ဆိုသည့်စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြသည် ။)

1 comment:

မောင်ဖားကြီး said...

အဲဒါမျိုးတွေဆို သိပ် ၀ါသနာပါတာပဲ ဆက်ရေးပါဗျို့ ထောက်ခံပါတယ်