Gallary

Saturday, November 8, 2008

မြင်းစီးကျောက်ရုပ်တို့ ၏ သင်္ကေတ

ကျနော်တို့ အားလုံး မြင်းစီးထားတဲ့ ကျောက်ရုပ်တွေကို တွေ့ ဖူးကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင် ဗန္ဓုလ ကျောက်ရုပ်တို့ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်တို့ ကိုပေါ့။ အရင်တုန်းက တော့ မြင်းစီးကျောက်ရုပ်ဆို တာမြင်းစီးထားတဲ့ကျောက်ရုပ်တွေပဲပေါ့ ..... ။( ခုမှပဲရှင်းသွားတယ်လို့ မပြောနဲ့နော် ) ကျနော်ပြောချင်တာက အဲ့ဒီမြင်းရုပ်တွေမှာ သူတို့ အဓိပ္ပါယ်နဲ့သူတို့ ရှိကြတယ်ဆိုတာကိုပေါ့။ မြင်းရုပ်ပုံစံတွေကိုကြည့်ပြီး ဒီမြင်းရုပ်ပေါ်က ပုဂ္ဂိုလ်ဟာ ဘယ်လိုသေဆုံးသလဲ ဆိုတာကိုလေ။
အဲ့ဒီအဓိပ္ပါယ်တွေကိုလည်းပြောပြမလို့ ကျနော်ဖတ်ဖူးတာတော့ တော်တော်ကြာပြီဗျ ....။

၁။ မြင်းရဲ့ ရှေ့ ခြေတစ်ဖက်မြှောက်နေရင် --- လုပ်ကြံခံရတာ
၂။ မြင်းရဲ့ ရှေ့ ခြေ နှစ်ဖက်မြှောက်နေရင် --- တိုက်ပွဲမှာ ကျဆုံးတာ
၃။ မြင်းရဲ့ နောက်ခြေ နှစ်ဖက်မြှောက်နေရင် --- အစိမ်းသေ သေဆုံးတာ
၎။ မြင်းရဲ့ ခြေလေးဖက်စလုံး မြေပြင်နဲ့ ကပ်နေရင် --- မကျန်းမမာဖြစ်ပြီးသေဆုံးတာလို့ မှတ်သားဖူးပါခင်ဗျာ။

( ဒီအချက်တွေက ပုံမှန် အဓိပ္ပါယ်တွေဖြစ်ပေမယ့် တချို့ ကျောက်ရုပ်တွေ ၊ ပန်းပု ရုပ်တွေလည်း ဒီအချက်တွေ ကို လိုက်နာထားချင်းမရှိတာကို တခါတလေမှာ တွေရပါတယ်ခင်ဗျာ)

“ကဲ အားလုံး မင်္ဂလာပါနော် .. အခုရက်ပိုင်းက မအားလို့ စာတွေသိပ်မရေးနိုင်တာကိုခွင်လွှတ်ပေးပါဗျာ ”

Wednesday, October 29, 2008

ဝါးမျိုခြင်း အမှတ်စဉ် ၁

အိပ်မက်က နိုးတိုင်း စဉ်းစာမိတာက ....
ဘ၀ဆိုတာကိုပေါ့ ။

ဒီလို ဘ၀တွေမှာ ဆာလောင်မှုတွေရှိတယ် ...
ဒီ ဆာလောင်မှုတွေနဲ့ အတူ
မနက်ဖြန်တွေ က မနက်ဖြန်တွေကို ၀ါးမျိုတယ်။

နောက်ပြီး ...
အတ္တတွေက အတ္တတွေကို....
မာနတွေက မာနတွေကို ....
ဘ၀တွေက ဘ၀တွေကို ....

နောက်တော့ ပြာလဲ့လဲ့ ကမ္ဘာကြီးကို ...

Thursday, October 23, 2008

နာဂစ်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု

ပြီးခဲ့တဲ့ 17 ရက်နေ့က ရန်ကုန်ကိုပြန်ရောက်လာတယ်။ ဘယ်အရာရာကိုပဲကြည့်ကြည့် အားလုံးကို ကိုယ်နဲ့တစိမ်းတ ရံ ဆန်နေတယ်။ ဒါဟာ နာဂစ်ကြောင့်လား ဒါမှမဟုတ် လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်တွေကြောင့်လား ဆိုတာ ကျနော်မတွေးတတ်ပါဘူး။ ပြောင်းလဲမှုဆိုတဲ့ နေရာမှာ ကောင်းသောပြောင်းလဲမှုတွေရှိသလို မကောင်းတဲ့ပြောင်းလဲ မှုတွေလည်း ရှိစမြဲပါ။ ကျနော်တို့တိုင်းပြည်ပေါ် ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ကောင်းသောပြောင်းလဲမှုတွေကို ယူဆောင်လာသူလို့ တွေးမယ်ဆိုရင် အဲ့ဒီလူဟာ ကောင်းမြင်သမား ( သို့မဟုတ် ) ဒီမုန်တိုင်းကြောင့် အကျိုးအမြတ် ဖြစ်ထွန်းလာသူပဲဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တစ်ခုတော့ပြောချင်ပါတယ် ... နာဂစ်မုန်တိုင်း အတွက် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ .... ပြန်လည်ပြုပြင်တဲ့ အခါမှာ အချိန်တိုအတွင်းပြီးစီးဖို့ကို ပဲ အဓိက ဆောင် ရွက်မယ်ဆိုရင် ... စည်းစနစ်မကျမှုတွေ အခိုင်ခံမရှိမှုတွေဖြစ်လာနိုင်ပါတယ်။
ကျနော်လက်လှမ်းမှီသလောက်ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နားက ကျောင်းလေးက မုန်တိုင်းဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားရပါတယ်။ အဲ့ဒီကျောင်းလေးက အရင်က အုတ်နဲ့ဆောက်ထားတဲ့ ကျောင်းလေးပါ ။ အခုလို ပြိုသွားတော့ ကြံခိုင်ရေး ကနေ တာဝန်ယူပြီးပြန်လည်တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အရင် အုတ်နံရံ ကာထားတဲ့နေရာမှာ ခုတော့ သူတို့က သံဇကာတွေနဲ့ ကာထားပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ရန်ကုန်ဆိုတာ မိုးများတဲ့ ဒေသတစ်ခုပါ။ ကျောင်းသား ကျောင်းသူတွေ ခမျာ ဘယ်လောက် ဒုက္ခရောက်လဲ တွေးသာတွေးကြည့်ပါ။ မိုးရွာရင် လေက ပါ ပါ လာတယ် ဟော နေပူပြန်တော့လည်း နေက ထိုးပါသေးတယ်။
တကယ်ဆို မဖြစ်သင့်တာလေးတွေကိုပြောပြတာပါ။ ကျနော်ရှေ့ကပြောခဲ့ သလို ပြောင်းလဲတဲ့ နေရာမှာ ကောင်း သောပြောင်းလဲ မှုတွေဖြစ်ဖို့တော့ လိုပါတယ်။




ကောင်းမွန်သော ပြောင်းလဲ မှုတွေဖြစ်လာပါစေလို့ ဆန္ဒပြုရင်း ....

Saturday, October 11, 2008

ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့

မ၀ါကတော့ ကံထူးရှင်ရွေးလိုက်တယ်တဲ့ဗျာ ... :Z ။ တက်ဂ် ထားတာကိုက ဗရုတ်သုတ်ခအကျဆုံးနေ့ လေးတဲ့ ...။ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တွေကို ပြန်စဉ်းစားကြည့်တော့ လား လား တော်တော်များသား။ တစ်ခါတုန်းက ရန်ကုန်မြို့ထဲ ပိုက်ဆံ အိတ်ကျပျောက်လို့ ခြေတိုအောင်လမ်းလျှောက်ခဲ့ရတာက တစ်မျိုး ။ ချစ်ရတဲ့ကောင်မလေး အတွက် မွေးနေ့လက်ဆောင် အဖြစ် ငါးကန်ဝယ်ပေးတုန်းက ငါးကန် တွေ ငါးတွေ နဲ့ ဆိုင်ကယ်စီးသွားရတဲ့ နေ့က တဖုန် အစုံစုံပေါ့ဗျာ။
ဒါပေသိ အဲ့ဒါတွေထဲ က ဗရုတ်သုတ်ခအနိုင်ဆုံးနေ့လေး တစ်နေ့ကိုပြန်စဉ်းစားတော့ ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ် လောက်တုန်းက ပိစိကွေး တုန်းက အဖြစ်လေးကို သွားမြင်ယောင်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်က ၅ နှစ် ၆ နှစ် သားလောက် အရွယ်ပေါ့။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းမသွားခင် ကျနော် အသုပ်စားတယ်၊ ဒိန်ချဉ်သောက်တယ်။ ဘာဖြစ်တယ်ဆိုတာ စဉ်းစားသာကြည့် ကြပေါ့ဗျာ။ ကျောင်းခန်းထဲလဲ ရောက်ရော ဆရာမစာသင်နေတုန်း အားပါး ဘာပြောကောင်းမလဲ ဗိုက်ကရစ်ပြီးနာတာ ပွင့်ပွင့်လင်း လင်းပြောရ ရင် အီးအီး ပါချင်တာပေါ့ဗျာ။ ကျနော်က ငယ်ငယ်တုန်းက လူကြောက်ရယ်ဗျ ။ ဒီလို အိမ်သာသွားချင်လို့ ခွင့်တိုင်ဖို့ နေနေသာသာ တနေသာကုန်သွားမယ် အတန်းထဲ စကားတလုံးမှပြောတာမဟုတ်ဘူး။ ငါ့ဘယ်လိုလုပ်ရမလဲ စဉ်းစား .. အင်း အောက်ထားအုံးမှ ဆိုပြီး အောက်တယ်ဗျ။ ခုပြန်တွေးရင် ရယ်ချင်တယ် ဟီးးး ဟီးးး ။ ကျလိုက်တဲ့ ချွေးတွေဆို ဘယ်ပြောကောင်း မလဲ ၊ လူကလည်း ငြိမ်ငြိမ်မထိုင်နိုင်နဲ့ မြင်ယောင်ကြည့်ကြဗျာ အောက်ပိုင်းတစ်ခုလုံး တွန့်လိန်နေတာ စပလိန်ကျလို့။ အချိန်ဆိုတာလဲ ကြာလိုက်တာဗျာ တစ်မိနစ်ဆို တစ်မိနစ် အရးကြီးတဲ့အချိန်ရောက်နေပြီကိုး။ သင်နေတဲ့စာထဲမှာ လဲ လုံးဝစိတ်မ၀င်စားနိုင်နဲ့ပေါ့။ နောက်ဆုံးတော့ ဘေးနားက သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးပြောလိုက်တယ်။ အဲ့ဒီ စကားလုံးကိုတော့ ခုထိမှတ်မိနေသေး တယ် .. “ဟေ့ကောင် ငါတော့သွားကုန်ပြီ ” စဉ်းစားသာကြည့်ကြပေါ့ အရပ်ကတို့ ရေ။ အဲ့ဒီနောက်မှာတော့ တခန်းလုံးပွက်လောရိုက်လို့ လက်ကဟိုဟာကိုင်ရမလို ဒီဟာပဲပိတ်ရတော့မလိုနဲ့ လွယ်အိတ်ထဲ က စာအုပ်တွေ ကထွက်ကျလိုကျ ..။ ဗရုတ်သုတ်ခများ နိုင်လိုက်သည်ဖြစ်ခြင်း ...။ နောက်တော့ ဆရာမ က အိမ်လိုက်ပို့လိုက်ရ တယ်။ ရှက်လိုက်တာများဗျာ အဲ့ဒီအချိန်တုန်းက များ ဆယ်ဘီးကားတစ်စီး ရှေ့ဖြတ်သွားရင် ခေါင်းနဲ့ သာဝင်ပြီး ဂျမ်းတုံး ခုလိုက်ချင်တယ်။ တကယ်တော့ ဘာမဟုတ်တဲ့ ကြောက်စိတ်ရယ်ကြောင့်ပေါ့ ။ ဒီနောက်မှာ တော့ မကောင်းတဲ့ ကြောက်စိတ်တွေကို ဖယ်ရှာရင် ... ဆရာမတွေ ချစ်တဲ့ လူပျော် လူတော်လေး ကျနော်ဖြစ်လာရ တာပဲခင်ဗျ...။ ခုတော့လည်းကြာခဲ့ပြီလေ ရှက်ရှက်နဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခ နိုင်တဲ့နေ့လေး တစ်နေ့ကို ဘလောဂ် ထဲ ထည့်ရေးလိုက်ပါတယ်ဗျာ... .. .။

Tuesday, October 7, 2008

Blog မရေးဖြစ်ရခြင်း အကြောင်း

စာမရေးဖြစ်တာလဲ တော်ကိုကြာပြီဗျာ .... ။ ကိုယ့် ဘလောဂ်ကိုယ်ကြည့်ရတာလည်း တော်လေး ကိုခြောက်ကပ် ကပ် နိုင်နေတယ် ။ အဲ့ဒါနဲ့ စာလေး တစ်ပုဒ်လောက်တော့ ရေးမယ်ဟေ့ဆိုပြီး ကွန်ပျူတာလေးရှေ့ထိုင် ပြီး ဘာရေး မယ်ဆိုတာစဉ်းစားနေတုန်း ။ ဖလပ် တီတီတီ !!!!!!!!! အဲ့ဒါဘာဖြစ်တုန်း စဉ်းစားကြည့်ပေါ့ဗျာ။ ကိုရွှေမီး ကပျက် သွားလို့ UPS မြည်တဲ့ အသံပေါ့ဗျာ ။ စိတ်ထဲညစ်ညစ်ရှိတာ နဲ့ ဆိုင်ရာပိုင်ရာ အားလုံး စိတ်ရှိလက်ရှိအော်ဆဲ လူလဲ တော်တော်လေးမောသွားတယ်။ အဲ့ဒါနဲ့ ပြီးတော့ ငယ်ငယ်တုန်းက အကြောင်းလေး ကိုလည်းသတိရမိတယ်။ ရုပ်သံက လာတဲ့ဇာတ်လမ်းတွဲတွေ လာခါစတုံးက တီဗွီက ကြည့်နေတုန်း မီးကပျက် ၊ မီးကပျက်နေတုန်းဆို တီဗွီကကြည့်ချင်၊ အဲ့ဒီတုန်းကတော့ စဉ်းစားမိပါတယ် နောင်လာမယ့် 9 နှစ် 10 နှစ်လောက်ဆို ဒီလို ဒုက္ခတွေ မရှိတော့ ဘူးလို့ ပေါ့။ ခုတော့ လည်း အရင်တုန်းက လိုပါပဲ ကိုရွှေမီးလေးက ပျက်လို့ကောင်းဆဲပါပဲ။ အဲ့တုန်းက တွေနေရတဲ့ စာတန်းများ“ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးဆီသို့ ” ကိုလည်း ခုတိုင်လည်း တွေ့ နေ ရဆဲပါပဲ။ နောက်ထပ်စာတန်းအသစ်တွေလဲ ထပ်တွေနေရပါပဲ ဥပမာတစ်ခုလောက်တော့ပြောလိုက်အုံးမယ် ဘာတဲ့ " Access has been denied " အဟတ် အဟတ် .... ။ အော်ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်တော့ ............................................ ? ဘာဖြစ်မယ်ထင်သလဲ

“ မီးပျက်တော့မှာဗျို့ ဘန်းကျော်ပြီးတော့ ပို့စ်လေးတစ်ခု မြန်မြန်တင်ထားမှ ”

Tuesday, September 23, 2008

MYANMAR WINDOWS လားဗျာ ....

တစ်နေ့ကဖတ်လိုက်ရတယ် Recose Hacker ဆိုတဲ့ Software အကြောင်းလေးပေါ့။ အဲ့ဒီ Software လေးကို သုံးပြီး Windows မှာ ရှိတဲ့ Dialog box တွေကို မြန်မာလို လိုက်ပြောင်းကြည့်လို့ရတယ်ဆိုတာကိုပေါ့။ ကျနော်ပြောင်းထားတဲ့ box လေးတွေကို အောက်မှာပြထားပေးပါတယ်။


ပထမဆုံး Download ဆွဲလိုက်ပါ။ ပြီးရင် ResHacker.exe ကို D-Click နဲ့ဖွင့်လိုက်ပါ။
ပြီးရင်တော့ File --- Open ကနေပြီး ''C: \windows\system32'' ကိုရွေးလိုက်ပါ။
system32 ထဲကိုရောက်ရင် "shell32.dll" ဆိုတဲ့ဖိုင်ကိုရှာပြီး Open ကို နှိပ်၍ဖွင့်လိုက်ပါ။


နောက်ပြီး ဘယ်ဘက်မှာ ..... Dialog --- 1003 --- 1033 ကိုတစ်ဆင့်ချင်းရွေးလိုက်ပါ။
ကျနော်က မြန်မာ font ပြောင်းမှာဖြစ်သဖြင့် font နေရာတွင် "Wininnwa" font size နေရာတွင် 14 လို့ ပြောင်းလိုက်ပါ။
Dialog 1003 ထဲက OK ကို click နှိပ်လိုက်သောအခါ သက်ဆိုင်သော Program စာသားရှေ့တွင် အနီရောင် ကြယ်ပုံလေးပေါ်လာလိမ့်မည်။
အဲ့ဒီမှာ ကျနော်က လုပ်မယ်ဟေ့ လို့ရေးချင်လို့ "OK" နေရာတွင် "vkyfr,fa[h" ရေးလိုက်ပါတယ်။
ပြီးရင် Compile Script ကို နှိပ်ကြည့်ပါ။ အားလုံးပြောင်းပြီးရင် File --- Save ကို နှိပ်ပါ။ Restart ချလိုက်ရင် ပြောင်းထားတာတွေကိုတွေ့ရတော့မှာဖြစ်တယ်။




Sunday, September 7, 2008

အလိုအလျောက် Computer ဖွင့်ခြင်း

ခုရေးမယ် အကြောင်းအရာကို ဖတ်ပြီး ကလေး အထာလို့ တော့မထင်လိုက်ပါနဲ့ဗျာ နော် ။ ဘာရေးရမယ်ဆိုတာမ သိတော့လည်း သိတဲ့ အကြောင်းအရာလေး ပဲလေးလိုက်ရပါတယ်။
သင့်ရဲ့ computer ကို သတ်မှတ်ထားတဲ့ အချိန်မှာ အလိုအလျောက်ဖွင့်ချင်တယ်ဆိုရင်ပေါ့ဗျာ။ BIOS Setting ထဲဝင်ပြင်ရတယ်ဆိုတဲ့အကြောင်းလေးပေါ့။ ပြောရအုံးမယ် Award BIOS တော့ဖြစ်ရမယ်နော်။

အဆင့် 1
Computer အဖွင့်မှာ Delete key ကို နှိပ်ပြီး BIOS Setting ထဲဝင်ထားလိုက်ပေါ့။ BIOS ထဲရောက်ရင်တော့ arrow key ကိုသုံးပြီး Power Management setup ပေါ်သို့ရွှေ့ပြီး Enter နှိပ်ပါ။

အဆင့် 2

Resume by Alarm သို့သွားပြီး Enable ပြောင်းလိုက်ပါ။
ပြီးတော့ Date ( of month ) Alarm သို့ရွှေ့ပြီး Every day လို့ ပြောင်းလိုက်ပါ။
နောက် Time ( hh : mm : ss ) Alarm သို့ရွှေ့ပြီး 9 : 00 : 0 လို့ပြောင်းလိုက်ပါ။

ဒီလိုဆိုရင်တော့ မင်္ဂလာရှိသော နံနက်ခင်းမှာ သင့် Computer က သင်နဲ့ အတူ နိုးထလာပါလိမ့်မယ်ခင်ဗျာ။

Friday, September 5, 2008

အိမ်အပြန်


အိမ်အပြန်ငှက်တို့ ရဲ့ ရာသီခွင်မှာ အလွမ်းတွေရှိတယ်။

ဒီအလွမ်းတွေ ရက်ရောလိုက်ပုံများ .......

ငါ့မှာတော့ တနင့်တပိုးအဖြစ်နဲ့

မိုင်တိုင်တွေကတော့ မင်းနဲ့ ဝေးခဲ့ ရပြီဆိုတဲ့အကြောင်း ...

တီးတိုးပြောလို့ ။

Saturday, August 16, 2008

အနုပညာပြောင်းလဲဖြစ်ပေါ်မှု အဆင့်သုံးဆင့်


လူ့ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ရေးအစဉ်မှာအပြောင်းအလဲများကြုံရတတ်ပါသည်။အချို့ဆရာများကလည်းအကွေ့အလှည့်ဟုသုံးနှုန်းတတ်ကြပါသည်။အပြောင်းအလဲအကွေ့အလှည့်တိုင်းမှာအဆင့်သုံးဆင့်ရှိသည်ဟုကျနော်မှတ်သားဖူးပါသည်။ထိုအကြောင်းကိုကျနော်တင်ပြပါမည်။ သဘောတူမတူမှာစာဖတ်သူ၏ အလိုအတိုင်းသာ ဖြစ်ပါသည်။
ကျနော်ကတော့ထိုအဆိုကိုသဘောတူပါသည်။အထူးသဖြင့်အနုပညာမှာဤတိုင်းပင်ဖြစ်ပျက်ပြောင်းလဲတိုးတက်သည်ဟု ကျနော် ယုံကြည်စွဲမှတ်ပါသည်။

အဆင့်သုံးဆင့်

ခေတ်အဆက်ဆက်ကနှစ်ရှည်လများလူသားတို့ဖန်တီးပြုစုတည်ဆောက်ခဲ့ကြသောယဉ်ကျေးမှုအနုပညာအရပ်ရပ်သည် ကြီးမားပြင်းထန်အရေးပါသောအပြောင်းအလဲအကွေ့အလှည့်တစ်ခုခုကိုကြုံတိုင်း ဆင့်သုံးဆင့် ကို ဖြတ်သန်းပြောင်းလဲ တိုးတက်သွားတတ်ပါသည်။ ထိုအဆင့်သုံးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပိုင်းစ စိတ်မြွှာ ပြိုကွဲခြင်း ( FRAGMENTATION AND DISINTEGRATION )

၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း ( RE-STRUCTURING )

၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း ( SUPERINTEGRATION )




၁။ ပိုင်းစစိတ်မြွှာပြိုကွဲခြင်း


အနုပညာရပ်အသီးသီးမှာ အတွေးအခေါ်များ၊ အယူအဆ သီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများ၊ အခြင်းအရာလက္ခဏာများ ရှိပါသည်။ ယင်းတို့ကို ခေတ်အဆက်ဆက် နှစ်ရှည်လများ လူသားတို့က ပြုစုတည်ဆောက်ခဲ့ပါသည်။ ထိုအခြင်းအရာ လက္ခဏာရပ်များ အပိုင်းပိုင်း အစစ စိတ်မြွှာကွဲကျေ၍သွားခြင်း (၀ါ) ခွဲချေဖြိုဖျက်ပစ်လိုက်ခြင်းသည် ပထမအဆင့်ဖြစ်ပါသည်။ ဤအဆင့်သည် အရှုပ်ထွေးဆုံး၊ အဆူညံဆုံးအဆင့် ဖြစ်ပါသည်။
ဤအဆင့်ကို အပေါ်ယံရှပ်၍ကြည့်ပါက ပုန်စားပုန်ကန်မှု REBELLION တစ်ခုဟု အမှတ်မှားတတ်ကြပါ သည်။ စည်းပျက်ကမ်းပျက် ကလေကချေ အလေနတော သရုပ်ပျက် BOHEMIAN လက္ခဏာများဟုလည်း အမှတ်မှားတတ်ကြပါသည်။ အနုပညာရှင်လူကြီးတွေပြောသမျှ လူငယ်တွေကလက်မခံ။ လူကြီးတွေ၏ စံ က လူငယ်တွေနှင်မကိုက်။ အလွန်ရှုပ်ထွေးဆူညံ၍ အရောရောအနှောနှောဖြစ်သောကာလဟု ပြောရပါမည်။
အစဉ်အမြဲ အသစ်တို့ကိုရှေးရှုသော မည်သည့်အခါမှ ရှိပြီးသားနှင့် မကျေနပ်နိုင်သော အမြဲဖန်တီး၍ နေတတ်သော အနုပညာ ( ၀ါ ) အနုပညာသမားတို့၏ သဘာဝကိုမြင်အောင်မကြည့်။ ထို အသိမဆိုက်သူ အဖို့ ဤသို့သော ပထမအဆင့်ကို လက်ခံနိုင်မည်မဟုတ်ပါ။ ဤအဆင့်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာမဟုတ်။ မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ်သော သမိုင်းအမှန်တရားတစ်ခုအဖြစ် ကျနော်ယုံကြည်စွာတင်ပြခဲ့ပါသည်။



၂။ ပြန်လည်စုစည်းတည်ဆောက်ခြင်း

တစ်ပိုင်းတစ်စစီ အစိပ်စိပ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားသော အတွေးအခေါ်များ၊ အယူအဆသီဝရီများ၊ တန်ဖိုးသတ်မှတ်ချက်များ၊ နှုန်းစံများကို ပြန်လည်စုစည်းတည်ဆောက်သော အဆင့်သည် ဒုတိယအဆင့်ဖြစ်ပါ သည်။ ဤကာလသည် အလွန်အမင်း ရှုပ်ထွေးဆူညံခြင်းမရှိတော့ပါ။ တစ်နည်းမှာ အနုပညာ အသိမဆိုက်သများ ၏ ဆူပူကန့်ကွက်သံ တိတ်သွားပါသည်။
လုံ့လ၀ီရိယကြီးသူများ၊ စိတ်ရင်းစေတနာမှန်သူများ၊ အနုပညာစိတ်ရှိသူများ အားထုတ်ကြိုးပမ်းသောကာလ ဖြစ်ပါသည်။ သတိပြုစေလိုသည်မှာပြန်လည်စုစည်း တည်ဆောက်ခြင်းသည် အပိုင်းအစ အကျိုးအပျက်အပဲ့အရွဲ့ များကို ဟိုတစ်စသည်တစ်စ ဆက်စပ်ယူခြင်းမဟုတ်ပါ။ ကိုယ့်အနုပညာနယ်ထဲက အခြင်းအရာများကိုပင် ပြန်လည်စုစည်းတည်ဆောက်ရမည်ကို ဆိုလိုပါသည်။ ကာရန်စနစ် ပြောင်းချင်ပြောင်းမည်။ ကာရန် လုံးဝမဲ့ချင်မဲ့ မည်။ သို့သော် ဘာသာစကားထဲက ပြန်လည်စုစည်း ရှာဖွေဖော်ထုတ်လိုက်သော “ အသစ်များ” ဖြစ်ပေါ်ရေးကို ရှေ့ရှုဦးတည်ရမည်ဟု ဆိုလိုပါသည်။


၃။ အသစ်ဖန်တီးဖော်ထုတ်ခြင်း

ဤအဆင့်သည် အသစ်များ ထွန်းကားအခြေကျရသော အဆင့်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ လုံ့လ၀ီရိကြီးသော၊ စိတ်ရင်းစေတနမှန်သော အနုပညာသမားများကြိုးစား စုစည်းခဲ့ကြသည်။ အခြင်းအရာ လက္ခဏာရပ်များသည် အနုပညာပစ္စည်းအသစ်အဖြစ် ဖြစ်ပေါ်တိုးတက် ပြီးစီးသွားပြီဟု ဆိုရပါမည်။ အဆင့်သုံးဆင့်ကို ကျနော်မှတ်သား ဖူးသော သီဝရီတရပ်မှယူ၍ တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ အနုပညာအရပ်ရပ် ပြောင်းလဲဖြစ်ပေါ်မှု ( ၀ါ ) အကွေ့အလှည့်သည် မည်သည့်နေရာတွင် ရောက် နေသည်လဲ။ ရောက်နေပြီလား ... လိုသေးသည်လား ။ မည်သည့်ခြေအနေတွေဖန်တီးဖို့ လိုအပ်သလဲ ဟူသော မေးခွန်းများကို ကျနော်တို့ ဖြေဆိုကြဖို့ပဲဖြစ်ပါသည်။ နိဂုံးစကားအဖြစ် ကျန်ာအထက်တစ်နေရာမှာတင်ပြ ခဲ့သည့် အတိုင်း ဤအဆင့်သုံးဆင့် သီဝရီကို လက်ခံခြင်း၊ ငြင်းပယ်ခြင်းမှာ စာဖတ်သူများ အလိုအတိုင်းသာဖြစ်ပါလိမ့် မည်။ ကျနော်ကတော့ ဤအဆိုကို ယုံကြည်စွဲမှတ်ပါသည်။


မှတ်ချက် ( အနုပညာစံ ဆိုသည့်စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြသည် ။)

Friday, August 15, 2008

Blood Windows Virus

ဟိုတစ်နေ့ က Internet Journal ထဲဖတ်လိုက်ရတယ် ဘာတဲ့ Blood Windows ဆိုလား။ သိပ်မကြာပါဘူး ကိုယ်တော်ချောက အကြောင်းမကြားဘာမကြားနဲ့ ကျနော့် ကွန်ပျူတာထဲကို ရောက်လာပါရောဗျို့ ။ ပထမတော့ မသိသေးဘူးဗျာ .. . Taskbar က ပေါ်လိုက်ပျောက် လိုက်နဲ့၊ မှိတ်တုတ် မှိတ်တုတ်လေးဖြစ်နေတာ ဟ ဘာဖြစ်တာလဲလို့ပေါ့။

ပထမ TaskManager ခေါ်ကြည့်တယ်မရ ..၊ Registry လာပါအုံးဟ .. .မရ၊ဟယ်လာလေရော့ system restore အဆင်မပြေ ၊ ဒုက္ခ ပဲ အဲ့ဒါမှ …….

နောက်တော့ ဖုန်းသံလေးဟော စပြီ အဲအဲ ကွန်ပျူတာ မျက်နှာပြင်တစ်ခုလုံး သွေးရောင်တွေ ငါ့နှယ် ကျောချမှ ဗိုင်းရပ်စ်မှန်းသိနေပြန်ပြီ ..။


Blood Windows ရဲ့လုပ်ဆောင်ချက်များ


  • Folder များကိုပွား၍ Speaker Icon များအဖြစ်ပြောင်းလဲတတ်သည်။
  • Windows တက်စတွင် One Miss Call ကိုရီးယားဇာတ်ကားထဲက ဖုန်းမြည်သံကိုကြားရသည်။
  • Screen တစ်ခုလုံးသွေးရောင်လွှမ်းသွားတတ်သည်။
  • Taskbar ပေါ်သို့ Mouse Pointer တင်လိုက်သည်နှင့် Taskbar မှိန်ကျသွားတတ်သည်။



ကဲအဲ့ဒါနဲ့ လက်သုံးတော် antivirus ထုတ်လို့ အမျိုးဖြုတ်ပစ်လိုက်တယ်။ အဲ့ဒီ antivirus လေးကတော့တကယ့်ကို မြန် ကောင်း သက်သာ ပဲ။ Virusမိတာမြန်တယ်၊ကောင်းကာင်းလဲသတ်နိုင်တယ်၊updateလုပ်ရတဲ့အချိန်လည်းတော်တော်သက်သာတယ်။ ချီးမွမ်းခန်းဖွင့်နေတာနဲ့နာမည်တောင် မပြောရသေးဘူး သူ့နာမည်က Twister လို့ခေါ်တယ်ဗျ။

သူငယ်ချင်းတို့လည်း စမ်းသုံးလို့ရအောင် အဖိုးအခမပါ ကြေငြာလိုက်ရပါတယ်ခင်ဗျာ။


ကဲသေစမ်းဟဲ့ ရပ်ကွက်လူကြီး အဲအဲ မှားလို့ Virus ။

Sunday, August 10, 2008

ဥုံမခံ ဂါထာ

လေ အဝှေ့လောက် နဲ့တော့ ငါ့ သိက္ခာလွင့်ပါမသွားပါဘု ...။
ဒီတခါ သည်းခံလိုက်မယ်။
မပြောပလောက်ပါဘူး
ဆင်ကောင်ကို ခြင်ကောင် ၀ါးသလိုပ ...
အော့အန် ချင်စရာ ဒီမသာပုပ်ကတော့
ပြောလိုက်လျင် စွန့်ကြဲချင်စရာ မျက်နှာပေးရယ်နှင့်
နောက်ကွယ်မှာ အကြံဆိုးတွေပေါ့
နောင်တခါ လာမတုလေနှင့်
နင့်ဥာဏ်ဆိုတာဟာပ
နင့်အမေငါနဲ့ ရက
မွေးတဲ့သားအရွယ် ...။


( အားလုံး ကန်တော့ပါရဲ့ဗျာ မထိန်းနိုင်တော့ လို့ ဘလော့ဂ်ပေါ်အန်ချလိုက်တာ )

Wednesday, August 6, 2008

စိတ်သာချ

ခရီးထွက်ရန်ပြင်ဆင်နေသော လူတစ်ယောက်သည် သူ့မိန်းမကို စိတ်မချနိုင်ဖြစ်နေသဖြင့် အိမ်အတွင်း၌ သော့ခတ်ထားပြီး သော့အား ဘေးအိမ်ရှိ သူ၏ သူငယ်ချင်းအား အပ်ထားခဲ့ကာ “ သူငယ်ချင် ငါစိတ်ချခဲ့မယ်နော်” ဟုပြောကာ ထွက်လာခဲ့လေသည်။ သို့နှင့် တော်တော်လေးလျှောက်လာ မိ သော အခါ သူ၏ သူငယ်ချင်းက အပြေးလိုက်လာပြီးပြောလိုက်ပုံက “ သူငယ်ချင်းရေ မင်းပေးခဲ့တဲ့ သော့ကမှားနေတယ်” ဟူ၏ ။

Sunday, August 3, 2008

Windows xp ရဲ့ DNS Cachesize ကိုတိုးခြင်း

DNS Cache ဆိုတာ ကျနော်တို့ ခုကြည့်နေတဲ့ Website လိပ်စာတွေကိုသိမ်းဆည်း ထားတဲ့နေရာ လေးပေါ့။ သူ့အသုံးဝင်ပုံကတော့ ဒီလိုဗျ .. website ကြည့်တဲ့သူက webpage တစ်ခုရဲ့ Address ကိုဝင် လိုက်ရင် အဲ့ဒီ Address ကို Internet ကနေတဆင့်သွားမတောင်းမီ DNS Cache ထဲကိုဝင်ပြီး သိမ်း ဆည်းထားတဲ့ လိပ်စာများကိုကြည့်ပါတယ်။ အဲ့ ကိုယ်သွားချင်တဲ့ လိပ်စာက အဲ့ဒီထဲမှာရှိနေရင် ဆွဲယူအသုံးပြုလိုက်ပါတယ်ခင်ဗျ ။ ဒီတော့ အချိန်ကုန်သက်သာတာ ပေါ့ဗျာ။ ဆိုတော့ကာ DNS Cachesize ကို တိုးထာခြင်းဖြင့် Website တွေကြည့်တဲ့အခါ ပိုမြန်လာမှာပေါ့။
ကဲ DNS Cachesize ကိုတိုးကြည့်ကြရအောင်လား ....

1. regedit ကိုဖွင့်ပါ။

2.HKEY_LOCAL_MACHINE\System\CurrentControlSet\Services\Dnscache\Parameters ကိုသွားပါ။

3. CacheHashTableBucketSize = 1
CacheHashTableSize = 180
MaxcacheEntryTtlLimit = ff00
MaxSOACacheEntryTtlLimit = 12d အဲ့ဒီလို DWORD Value တွေကို သွားရေးပါ။

4. Restart လုပ်ပါ။








အားလုံးအမြန်ဆုံးနည်းနဲ့ ပကန် ( ပန်းကန် ) လုံးစီးနိုင်ကြပါစေဗျာ။